အ များ အကျိုး ရွက်သည်ပိုးက ၊ ခနိုး ခနဲ့ ဆိုကဲ့ရဲ့လည်း ၊မဖဲ့မစောင်း ကိုယ့်လမ်းကြောင်းကို ၊စိတ်ကောင်းနဲ့ယှဉ် ရှေးရှုနှင်လော့။ အားလုံးသတ္တဝါဝေနေယျာ ကျန်းမာချမ်းသာကြစေသာ၊ သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသောဝ်

Nong Nooh ခရီးသည်-အပိုင်း(၁)(မဟာမြိုင်ခရီးသည် နဲ့ မည်သို့မျှ မသက်ဆိုင်)

အခုတစ်လော အဆင်မပြေတာလေးတွေ များနေတော့ လူက စိတ်နည်းနည်းညစ်နေတယ်။ စိတ်ညစ်နေတုန်း သူငယ်ချင်းက ဖုန်းဆက်ပြီး ပြောတယ် ၊ nong Nooch ဥယျာဉ်သွား မလို့ လိုက်မလားတဲ့။ အတော်ပဲပေါ့ အခုလိုအချိန်က အဝိစိခေါ်ရင်တောင် လိုက်မှာ။ စိတ်ညစ်နေတုန်း ခရီးထွက်ရင် ပြေပျောက်တယ်လေ။ nong Nooch ဆိုတာ ဖြူသလား မည်းသလား သိရအောင် ပညာရှိဂုရုကြီးဆီ သွားမေးရတယ်၊ ဂုရုကပြောတယ် အရှေ့တောင်အာရှမှာ အကြီးဆုံးဥယျာဉ်ကြီးတဲ့။ နည်းနည်းတော့ စိတ်ဝင်စားသွားပြီ။ ကြုံတုန်းဗျာ ကျွန်တော့်ရဲ့ ဆရာသမားဂုရုနဲ့ မိတ်ဆက်ပေးရအုံးမယ်။ မသိတာတွေ အကုန် သူ့ကိုမေးနေကျ၊ သူကလည်း အမြဲတမ်း ဖြေရှာပါတယ်။ နာမည်ကတော့ google ပါတဲ့ဗျာ။

ညတုန်းက မူးပြဲအောင်သောက်ထားတဲ့ဒဏ်က မနက်ကျမှ လာထိတော့တယ်။(မည်သို့မူးပြဲခဲ့သည်ကို ဆီပုလင်းဇင်လင်းနဲ့ နှင်းဆီပန်းခြေရာ ဝတ္ထုတွင်ဖော်ပြထားပါသည်)။ ခေါင်းတွေကိုက်ခဲပီး အိပ်ယာက ထရတာက ဓါတ်ခဲအားနည်းသွားတဲ့ စက်ရုပ်တစ်ရုပ်လို ပဲ။ ဒီနေ့ သူငယ်ချင်းတွေနဲ့ Nong Nooch သွားဖို့ ချိန်းထားတဲ့နေ့ပဲ။ မထချင်ပဲ ကျိတ်မှိတ် ထလိုက်ရတယ်။

ကျွန်တော်တို ခရီးသည် (၆)ယောက် ကားအပြတ်ငှားပြီး(ကားအပျက် မဟုတ်ပါ) ထွက်ခဲ့ကြတယ်။ ပထမဆုံးရောက်တာက
Buddha Mountaion ၊ ထိုင်းလိုခေါ်တာကတော့ Khao Chee Chan ပါ။ ပတ္တယားမြို့ အနီးမှာတည်ရှိပါတယ်။ ပတ္တယားကို ၃ခေါက်ရောက်ပြီးပေမဲ့ ဒီဘုရားကို ရှိမှန်း မသိခဲ့ဘူး။ အကုသိုလ်များပုံများ။မဟုတ်တဲ့ နေရာပဲ ရောက်ခဲ့တာလေ( ဆီပုလင်းဇင်လင်းနှင့် Walkig street ဒေဝီ တွင် ဖော်ပြထားပါသည်)။ တောင်နရံပေါ်မှာ လေဆာနည်းပညာသုံးပြီး ကျောက်နရံမှာ ရွှေနဲ့ ရေးထိုးတာတဲ့ ဘုရားရုပ်ပွားတော်ဟာ အလွတ်တရာကြည်ညိုဖွယ်ကောင်းလှပါတယ်။ ကမ္ဘာပေါ်မှာ အရှည်ဆုံးကျောက်ထွင်း ရုပ်ပွားတော်လို့ သိရပါတယ်။ အမြင့်က ၁၃၀မီတာရှည်ပါတယ်။ စကားမစပ် ရွှေမြန်မာတို့အကျင့်လေးကို ပြောရအုံးမယ်၊ အထူးသဖြင့် မိန်းကလေးတွေပါ။ ဘယ်နေရာရောက်ရောက် ဓါတ်ပုံအရိုက်ခံပါရစေ၊ ဓါတ်ပုံရိုက်ပါရစေဆိုတာကြီးပါပဲ။ ဘုရားလည်းရောက်ရော ဦးခိုက်ဖို့ စမလုပ်ဖြစ်ဘူး၊ ဓါတ်ပုံစရိုက်ကြတယ်( အဲ့အထဲကျွန်တော်ကထိပ်ဆုံးကပါ)။


ပုံများကို အကြီးကြည့်လိုလျင် ပုံပေါ်၂ချက်နှိပ်ပါ၊ အားမရလျှင် ဇွန်း၊ခက်ရင်းဆွဲ၍ ကြည့် ပါ(zoom)။ ကျွန်တော်တို့အဖွဲ့ လည်း ဓါတ်ပုံရိုက်ကြ ဘုရာဖူးကြပါတယ်။ ဘုရားရုပ်ပွားတောကို ရွှေအစစ်သုံးပြီး လေဆာနဲ့ကျောက်နရံမှာ ထွင်းထားတာ လို့ သိရပါတယ်။ ဘုရားအောက်ခြေနားမှာ သူခိုးမကပ်အောင် ဗုံးတွေချထားတယ်လို့ အဖွဲ့ ဝင်တစ်ယောက်က အဆိုတင်သွင်းပါတယ်။ နေ့ချင်းပြန်ခရီးဖြစ်တဲ့အတွက် အချိန်ကောင်းစွာမရတာကြောင့် ကျွန်တော်တို့ ခရီးဆက်ထွက်ခဲ့ပါတယ်။ Nong Nooh ဥယျာဉ်ဆီကို...။ မကြာမှီမျော်ပေါ့ :D

0 comments:

ကမ္ဘာ့နာရီ

About This Blog

Lorem Ipsum

  © Blogger templates Shiny by Ourblogtemplates.com 2008

Back to TOP